အင်းစိန်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန် ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၆၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး၊ အင်းစိန်မြို့နယ်၊ တပ်ဖွဲ့စုမှူး ဒုရဲမှူး တင်ကိုက လမ်းဖြတ်ကူးရာတွင် လိုက်နာရမည့်အချက်များ၊ ခြေလျင်လျှောက်ရာတွင်လိုက်နာရမည့်အချက်များ၊ သိသင့်သိထိုက်သော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစသည့်အကြောင်းအရာများကို ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများကို အသီးသီးပြန်လည်ဖြေကြားခဲ့ပြီးနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမဒေါ်ရီရီမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို