ကျောက်ဆည် ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၉)နာရီက ၂၀၂၄ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ ကြီးကြပ်၍ ကျောက်ဆည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသား၊ကျောင်းသူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “တို့များမမေ့နိုင် (၁၉) ဇူလိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “လေးမြတ်ဂုဏ်ရည်အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် “သမိုင်းမော်ကွန်းတည်(၉)ဦး အာဇာနည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် “အာဇာနည်နေ့နှင့်အမျိုးသားရေးတာဝန်” ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူ(၉၈)ဦး အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို ကျောက်ဆည်မြို့နယ်တွင် ကျင်းပပြုမည့် ပညာရေးစုံညီပွဲတော် အခမ်းအနားတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြိုနယ်ပညာရေးမှူး ဦးအေးလင်းက ပြောပြ၍ သိရသည်။
တင်တင်ထွေး