မိတ္ထီလာ ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ကွက်ငယ်ကျေးရွာအုပ်စု ကွက်ငယ်ကျေးရွာတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ထောက်ပံ့ငွေကျပ်သိန်း ၁၅ဝ ဖြင့် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နိုင်ရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးနှင့် ကျေးရွာမှတာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံ၍ အကြိုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့အကြိုညှိနှိုင်းဆောင်ရွက်ရာတွင် ဦးစွာကျေးရွာစာကြည့်တိုက်ဆောက်လုပ်မည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရုံးဝန်းမြေဧရိယာနေရာတွင် စာကြည့်တိုက်အဆောက်အအုံသစ် မြေနေရာကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများက တိုင်းတာသတ်မှတ်သည်။ ဆက်လက်၍ စာကြည့်တိုက်ဆောက်လုပ်နိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးကြရာတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ယခုဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်ကို ထောက်ပံ့ငွေ ကျပ်သိန်း ၁၅ဝ ဖြင့် သတ်မှတ်ပုံစံအတိုင်းဆောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ ထောက်ပံ့ငွေကျပ်သိန်း ၁၅ဝ ဆိုသော်လည်း ကျပ်သိန်း ၁ဝဝ သာ စာကြည့်တိုက်အဆောက်အအုံဆောက်လုပ် ရန်သုံးစွဲရမည်ဖြစ်ပြီး ကျန်ကျပ်သိန်း ၅ဝ ကိုစာကြည့်တိုက်ပရိဘောဂများနှင့် စာအုပ်စာစောင်များဝယ်ယူရန်အတွက် သုံးစွဲရမှာဖြစ်ပါကြောင်း၊ စာကြည့်တိုက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ပေးခြင်းဖြစ်သည့်အတွက် ကျေးရွာတာဝန်ရှိသူများမှ စာကြည့်တိုက်ကို အကောင်းဆုံးဆောက်လုပ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ လက်ထောက်ညွှန်ကြားရေးမှူး၏ ဆွေးနွေး ပြောကြားမှုအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်ပေးသည့်အပေါ် ဝမ်းသာဂုဏ်ယူကြပါကြောင်း၊ ထောက်ပံ့ပေးအပ်မည့် ကျပ်သိန်း ၁၅ဝ နှင့် စာကြည့်တိုက် အဆောက်အအုံ၊ ပရိဘောဂနှင့် စာအုပ်စာစောင်များ အတွက်သုံးစွဲရမည်ဖြစ်ရာ ကျေးရွာဒေသခံပြည်သူများ၏ တတ်နိုင်သရွေ့ စုပေါင်းလှူဒါန်းပါဝင်မှုများဖြင့် လုပ်ငန်းအောင်မြင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ချမ်းသာ