အမရပူရမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၌ ပန်းခင်းစီမံချက် ၃ ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်

အမရပူရ  ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန် ကအမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂  အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားကတ် ဆောင်ရွက်ပေးခြင်းကို မြို့နယ်လဝကမှူး ဒေါ်ခင်ခင်စန်း ဦးဆောင်သောအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိပြီး အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းသို့  ပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အကျုံးဝင်သော ကျောင်းသား ၁၈၆ ဦး ကျောင်းသူ ၂၁၃ ဦး စုစုပေါင်း (၄၀၀)ဦးတို့အား  ဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။

စိုးသီဟ(အမရ)