တပ်ကုန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

တပ်ကုန်း ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပသည်။

အဆိုပါစကားဝိုင်းတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ(တာဝန်ခံ) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းက အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး၊ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းအမှာစကား ပြောကြား​ခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ  မလွင်လွင်မိုး(Grade-11)၊ မောင်ရှိန်ခန့်လင်း (Grade-9)၊ မခဂျူးဇံသော်(Grade-9)၊ မောင်ခန့်ညီထွေး (Grade-9)တို့က လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အောင်မြင်မှုခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ဦးဆောင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ (တာဝန်ခံ)ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ အာဇာနည်နေ့နှင့် သမိုင်းဝင်ပုံရိပ်မှတ်တမ်းများ၊ လူငယ်များ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်