ရပ်စောက် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက်လုပ်ငန်းများအတွက် မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့ရာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုပြည်နယ်ဦးစီးမှူး ဦးငြိမ်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က မျိုးစေ့ချကိရိယာနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့နယ်အတွင်း ယမ်းတွင်းငကြောင်၊ မြင်တောင်၊ ဟွှေး၊ မန်ကျည်းကုန်း၊ အလယ်ချောင်၊ ကောင်းဘို့၊ ဖောင်းတော၊ ကျောက်တောကျေးရွာအုပ်စု(၈)အုပ်စုရှိ တောင်သူများထံ ပုလဲဓာတ်မြေဩဇာ(၇၀) အိတ်၊ ကွန်ပေါင်းဓာတ်မြေဩဇာ(၇၀)အိတ်နှင့် မျိုးစေ့ချကိရိယာ (၁၀)ခုတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၊ ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူ(၄၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)