နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၏ ၂၀၂၄ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံဝင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းနိုင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ ခုတင်(၅၀) ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်မြထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများက သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များ စုပေါင်းစိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုအားပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရေးဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေကြသူများနှင့် ပြင်ပလူနာဌာနတွင် ကုသမှုခံယူနေကြသူများအား အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးပြီး အားပေးစကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ တပ်ပိုးကျေးရွာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်သည့် မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် မိုးရာသီကာလအတွင်း ခြင်နှင့် ယင်ကြောင့် ဖြစ်ပွားသောရောဂါများ ဖြစ်ပွားလေ့ရှိပြီး ၎င်းတို့အနက် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုမှာ ပိုမိုများပြားမှုရှိကြောင်း၊ အဆိုပါရောဂါများသည် မသန့်ရှင်းသော ယင်နားသည့် အစားအစာ၊ မသန့်ရှင်းသောလက်နှင့် မသန့်ရှင်းသောရေမှလည်းကောင်း၊ ယင်လုံအိမ်သာမသုံးစွဲမှုကြောင့် ရောဂါအဆင့်ဆင့် ကူးစက်ဖြစ်ပွားစေကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီကာလကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဧပြီလလယ်မှစ၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ပြည်သူလူထုအခြေပြုနှင့် ကျောင်းအခြေပြု အပတ်စဉ် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်းနှင့် ရက်သတ္တပတ် (၆)လလျှင်တစ်ကြိမ် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သွေလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုအကျိုးရှိထိရောက်နိုင်မည်ဖြစ်ကြောင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းအပါအဝင် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများတွင်လည်း ပြည်သူလူထုများမှ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အရေးကြီးကြောင်း၊ ထိုမှသာ မိမိတို့နယ်မြေဒေသအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့ကျစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာသန်းနိုင်စိုးက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ရပ်ကွက်/ကျေးရွာများအတွင်းသို့ အဖွဲ့များခွဲ၍ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး တတ်ရောက်လာသည့် ပြည်သူများက သိလိုသည်များမေးမြန်းကြရာ နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ကျေးရွာအတွင်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)