ဇမ္ဗူသီရိမြို့နယ်၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၁၂

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အ.လ.က(၃)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို မမေ့လျော့စေရန် ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရအောင် အသက်ပေးပြီး စွမ်းဆောင်ကြိုးပမ်းခဲ့ကြသည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို အမြဲအောက်မေ့သတိရနေစေရန် စသည့်အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦး တက်ရောက်ခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)