မိုးညှင်း ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဆိုင်ရာများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလှိုင်က အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင့်လွင်ဦးက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်များ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်သူလူထုများ သိသင့်သိထိုက်သော အကြောင်းအရာများ၊ သန်းခေါင်စာရင်းတွင် ထည့်ကောက်ရမည့်သူများနှင့် ထည့်မကောက်ရမည့်သူများ စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက လိုအပ်သည်များကို အသီးသီး ပူးပေါင်းပါဝင် ဆွေးနွေး ပြောကြားခဲ့ကြသည်။
ထို့နောက် မြန်မာ၊ အင်္ဂလိပ်နှင့် တိုင်းရင်းသားဘာသာများဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှ ထုတ်ဝေထားသည့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း