ငါန်းဇွန်မြို့နယ်၌ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီပြောင်းရွှေ့ပေး

ငါန်းဇွန်   ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များရှိ ရေဘေးသင့် အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ ညနေ ၄ နာရီအချိန်အထိ ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့် ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်(၂၅)ဦးတို့က မြစ်ရေဝင်ရောက်သည့် နေအိမ်များအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးရာတွင်ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ခြေ(၃၄)လုံး၊ အိမ်ထောင်စု (၃၉)စုနှင့် နွားကောင်ရေ(၁၀)ကောင်၊ အမှတ် (၂) ရပ်ကွက်ရှိ အိမ်ခြေ(၄၉)လုံး၊ အိမ်ထောင်စု (၅၆)စု၊ နွားကောင်ရေ (၂၇)ကောင်နှင့် ဝက်(၅) ကောင်၊ အမှတ်(၃) ရပ်ကွက်ရှိ အိမ်ခြေ (၄၁)လုံး၊ အိမ်ထောင်စု(၄၉)စုနှင့် နွားကောင်ရေ (၂၉)ကောင် အဆိုပါ နေအိမ်များရှိ လူ၊ ပစ္စည်းနှင့် တိရိစ္ဆာန်များအား ဘေးလွတ်ရာ ၎င်းတို့၏ ဆွေမျိုးများ နေအိမ်သို့လည်းကောင်း၊ အမှတ်(၁) ရပ်ကွက်ရှိ မိုးကောင်းဘုန်းတော်ကြီးကျောင်း၊ အင်းဝဘုန်းတော်ကြီးကျောင်းနှင့် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတို့တွင်လည်းကောင်း ကူညီ ရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)