ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန် စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီးတို့က အဖွင့်အမှာစကားအသီးသီးပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်အေးထက်ထက်ထွန်းက အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံများ၊ အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို မမေ့သင့်၊ အထူးသတိရစေရန်၊ အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရ တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်းလာစေရေး နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိ၊ စေတနာရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ နှစ်စဉ်ကျရောက်သည့် ဇူလိုင်လ (၁၉) ရက်နေ့ကို ၁၉၄၈ ခုနှစ်မှစ၍ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်ဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)