မိုင်းယန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းယန်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗဟုသုတများတိုးပွားရေးရန်နှင့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာသင်ယူရုံသာမက အားလပ်ချိန်များတွင် ပြင်ပဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းနှင့် စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့် ကောင်းကျိုးများကို အသိပညာပေးရှင်းလင်းဟောပြောပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဦးစီးဌာန အမျိုးသမီးကျန်းမာရေးတာဝန်ခံ ဆရာမ ဋ္ဌေးဋ္ဌေးခိုင်းက လတ်တလောဖြစ်ပွားနေသော ပြင်းထန်းဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောသည်။ ဆက်လက်၍ မိုင်းယန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက ကျောင်းသား၊ ကျောင်းသူများအား မိမိဘဝအတွက် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး ပညာကိုကြိုးစားသင်ယူသင့်ပုံ အကြောင်းအရာများနှင့် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ဝင်းထွန်းဦးက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအကြောင်းအရာများဖြင့် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စောင်၊ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြပြီး စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန် သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး