မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း(တာချီလိတ်)၏ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်လှစ်

တာချီလိတ် ဇူလိုင် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ မူးယစ်ဆေးဖြတ်သူများ ပြန်လည်ထူထောင်ရေးစခန်း (တာချီလိတ်) ၏ ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက “လူငယ်များအနေဖြင့် မိမိတို့အပေါ် နည်းမျိုးစုံဖြင့် လွှမ်းမိုးဖျက်ဆီးလျက်ရှိသည့် မူးယစ်ဆေးဝါးများ၏အကြောင်းကို သိရှိနားလည်နိုင်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို မည်သို့ကာကွယ်တိုက်ဖျက်ရမည်ကိုသိရှိပြီး သတိပြုနားလည် နိုင်စေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် လေလွင့်ဆုံးရှုံးနေရတဲ့ လူသားအရင်းအမြစ် စွမ်းအားများကို နိုင်ငံအတွက် စွမ်းအားစုများအဖြစ်ဆောင်ရွက်ပေးနိုင်ရန်၊ နိုင်ငံအတွင်း မူးယစ်ဆေး သုံးစွဲမှုလျော့နည်းစေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးအတွက် စခန်းခြေပြုပြန်လည်ထူထောင်ရေးသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်မှုခံယူနေသော သင်တန်းသားများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ငွေကျပ် ၁၁၅ သိန်းအား လည်းကောင်း၊ ဒေါ်နန်းပီးယာရီ (မန်းရတနာပုံလေကြောင်းလိုင်း) မှ ငွေကျပ် သိန်း ၅၀အားလည်းကောင်း၊ စိတ်ဓာတ်ခွန်အားဖြည့်ဟောပြောပို့ချမှု ပညာရှင်၊ ဒုတိယဥက္ကဋ္ဌ (၁) (CEO)၊ အနာဂတ်လူငယ်များဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (ရှမ်းအရှေ့) ဒေါက်တာ ဘုန်းမြင့်က ငွေကျပ် သိန်း ၃၀ အားလည်းကောင်း၊ တာချီလိတ်မြို့မိမြို့ဖများမှ Flat TV 43" နှင့် CANAL+ စလောင်း (၂)စုံ တို့အား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ရာ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စွာနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက သင်တန်းသားများအား အားပေးစကားပြောကြားကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသား ၂၀ ဦးဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ရက်ပေါင်း ၉၀ ကြာဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင် အိမ်တွင်း လျှပ်စစ်ပြင် အခြေခံသင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဆံသသင်တန်း၊ ကား၊ ဆိုင်ကယ်နှင့် အခြားစက်ပစ္စည်းဆိုင်ရာ ပြုပြင်ရေးသင်တန်း၊ ဘက်စုံသုံးဆပ်ပြာသင်တန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ ပန်းရံ၊ လက်သမားနှင့် ဂဟေဆက်သင်တန်း၊ ဘလော့အုတ်ပြုလုပ်နည်းသင်တန်းနှင့် ဒေသနှင့်ကိုက်ညီသည့် အခြားသင့်လျော်သော သက်မွေးသင်တန်းများ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)