မိုးနဲ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမနေရာ၌ ခေတ်မီစံပြကျေးရွာ(Smart Village) ထူထောင်ရေး မြို့နယ်အဆင့်မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နမ့်စန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသဖွင့်ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးအာကာဖြိုးက ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ သွင်းအားစုငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေးမြင့်မားလာစေရန်၊သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင့်စဖွယ် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရန်၊ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်စသည့်ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက သိရှိလိုသည်များ မေးမြန်းကြရာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ခေတ်မီစံပြကျေးရွာကို ကွန်နားကျေးရွာအုပ်စုရှိ လွိုင်လင်းကျေးရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)