မိုင်းစံ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ဓါတ်ပုံပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ ဝမ်လီ (မူလွန်) ကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်းမှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အထိမ်းအမှတ်နေ့များကို သိရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ်ရှင်သန်စေရန် အာဇာနည်နေ့ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကျဉ်းနှင့် အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းမှ အာဇာနည်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကျဉ်းများကို ဆွေးနွေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇) နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိအကျဉ်းမှတ်တမ်းဓါတ်ပုံများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ ကြသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)