ကျိုင်းတောင်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့နှင့်ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်

ကျိုင်းတောင်း ဇူလိုင် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးယအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က စိုက်ပျိုးရေးဌာန ရုံးအတွင်းတွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါ စပါးမြိုးစေ့နှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာသော စံပြစိုက်ခင်းပိုင်ရှင်များသို့ စိုက်ပျိုးရေးဦးစီးဌာနမှ “တောင်သူကိုယ်တိုင် တပိုင်တနိုင် စပါးမျိုးသန့်ခေါင်နှံမွေးမြူစိုက်ပျိုးခြင်းနည်းပညာ” လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းကျော်အေးမှ စိုက်ပျိုးရေးဆိုင်ရာ အသိပညာများကို ရှမ်းတိုင်းရင်းသားဘာသာစကားဖြင့် ရှင်းလင်းပြောကြားပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများသို့ စပါးမြိုးစေ့နှင့် ဓာတ်မြေဩဇာများပေးအပ်ခဲ့ပါသည်။ ပေးအပ်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးစိုင်းကျော်အေးတို့က အမှတ် (၇) ရက်ကွက်ရှိ တောင်သူလယ်သမားများကို တစ်ဧကလျှင် စပါးမျိုးစေ့ နှစ်ထုတ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများက မိမိတို့ သိရှိလိုသော စိုက်ပျိုးရေးနည်းလမ်းများကို မေးမြန်းဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးစိုင်းကျော်အေးက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကိုထက်မံ၍ အပြန်အလှန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရပါသည်။

ကိုကို(ပြန်/ဆက်)