ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ

မြစ်ကြီးနား ဇူလိုင် ၁၂

ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တို့တွင် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ကာ အဆိုပါဖြစ်စဉ်ကြောင့် ရေဘေးသင့်ပြည်သူများအား ‌ယာယီကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ပြီး ကူညီကယ်ဆယ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် ၈ နာရီက ဝိုင်းမော် မြို့နယ်အတွင်း ရေဝင်ရောက်ခဲ့မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဝိုင်းမော် မြို့နယ်၊ မဒိန်ကျေးရွာအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် တောင်သူများ၏ လယ်မြေဧက ၁၀၀ အား မိုးစပါးအပြင် သီးထပ်သီးညှပ်များ စိုက်ပျိုးနိုင်ရေး စနစ်ကျစက်မှုလယ်ယာဖော်ထုတ်ပေး ထားခဲ့သည့် မဒိန်ဧက ၁၀၀  အတွင်း ရေဝင်ရောက်မှု အခြေအနေများနှင့် မိုးစပါးကြဲပက်စိုက်ပျိုးထား ရှိမှု၊ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများကို တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး သတ်မှတ်ချိန်အတိုင်း မြေသြဇာများ ထည့်သွင်းကျွေးမွေးနိုင်ရေး၊ တောင်သူများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ်(၅)ရပ်ကွက်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ယာယီတိမ်းရှောင်စခန်းသို့ သွား‌ရောက်ပြီး အိမ်ထောင်စုများအတွက် ငါးသေတ္တာဘူးများ၊ ခေါက်ဆွဲခြောက်ဖာများ၊ ကြက်ဥများ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးများ၊ ကျောင်းသုံးဗလာစာအုပ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျောင်းသားကလေးများနှင့် မိသားစုများအား မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ရေကြီးရေလျှံမှုကြောင့် ရေနစ်မြှုပ်ခဲ့သည့် ဆေးရုံ (၂)ထပ်လူနာဆောင်သစ်အား ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သန့်ရှင်းရေးဆောင်ရွက်ကြသည့် ဌာန/အဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကာ ဆေးရုံအတွင်း တက်ရောက်ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ဝိုင်းမော်မြို့အမှတ်(၃)ရပ်ကွက်အတွင်းရှိ အောင်ချမ်းသာဘုန်းတော်ကြီးကျောင်း၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧရာဝတီမြစ်ရေကြီးမြင့်မှုသည် နှစ်ပေါင်း ၂၀ ကျော် ကြာမှ ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး ယခုရေကြီးမှုဖြစ်စဉ်တွင် မိမိတို့အားလုံး၏ စည်းလုံးမှုအင်အားကို မြင်တွေ့ခဲ့ရပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရေဘေးသင့် ပြည်သူများအတွက်လည်း အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီက ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို အလျင်မြန်ဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ မိသားစုများအနေဖြင့် လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုကြောင်း အားပေးပြော ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက ဝိုင်းမော်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း (၄၇၄)စု၊ လူဦးရေ (၁၆၀၇)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် (၈၀၀၃၅၀၀)တန်ဖိုးရှိ ဆန်အိတ် (၆၀)၊ ငါးသေတ္တာ (၈)ဖာ၊ ခေါက်ဆွဲခြောက်ဖာ(၉၅)ဖာ နှင့် ကြက်ဥ (၈)ဖာကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအားလုံးအတွက် ငွေကျပ် (၇၀၉၈၅၀၀) တန်ဖိုးရှိ သွားတိုက်ဆေး၊ သွားတိုက်တံများကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနက ကျောင်းသုံး ဗလာစာအုပ်များကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် အိမ်ထောင်စုများက သက်ဆိုင်ရာစခန်းများအလိုက် လတ်တလော လိုအပ်ချက်များ အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းထိုင်ဘုန်းတော်ကြီးအား သွားရောက်ကြည်ညိုကာ ရေကြီးမြင့်ခဲ့မှုဖြစ်စဉ် အခြေအနေများ၊ သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြကာ ကျောင်းထိုင်ဘုန်းတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)