မိုးညှင်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း ဇူလိုင် ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ မြတ်သရဖူခန်းမ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲကို နိုင်ငံတစ်ဝန်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များအဖြစ် အခြေခံပညာကျောင်းများတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးစသည့် ခေါင်းစဉ်တို့ဖြင့် ဟောပြောသည်။

ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်သန္တာဦးက အားကစားနည်း(၄)နည်းဖြစ်သော ယှဉ်ပြိုင်အားကစားနည်း၊ အပန်းဖြေအားကစားနည်း၊ ရိုးရာအားကစားနည်းနှင့် လူထုအားကစားနည်း စသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်တာဝန်ခံ ဦးအောင်ဇင်ဦးက အားကစားမှတစ်ဆင့် ကျန်းမာသန်စွမ်းလာပြီး အောင်မြင်သောဘဝပိုင်ရှင် လူငယ်များဆီသို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့်ဖြင့် အသီးသီး ဟောပြောကြသည်။

ယင်းနောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်တာဝန်ခံက အားကစားသုံး ပစ္စည်များဖြစ်သော ဘောလုံးနှင့် ခြင်းလုံးများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီးနောက် ကျောင်းသား/ကျောင်းသူများ ကိုယ်လက်ကြံ့ခိုင် သန်စွမ်းစေရန်နှင့် စိတ်ပျော်ရွှင်လန်းစေရန်အတွက် ကိုယ်လက်လှုပ်ရှား (Physical Fitness Dance)  အကဖြင့် အတူတကွ စုပေါင်းကခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်များကို ကျောင်းသား /ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)