မြစ်ကြီးနား ဇူလိုင် ၁၂
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၀ ရက် နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဥ်ပြိုင် အောင်မြင်နိုင်ရေး အားကစားနည်းအလိုက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် အခြားလိုအပ်ချက်အခက်အခဲများအား ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ဆပ်ကော်မတီများအနေဖြင့် အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ကဏ္ဍအလိုက် အောင်မြင်မှုအသီးသီးရရှိရေး အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း လမ်းညွှန် မှာကြားပြီး လိုအပ်သည့် အခက်အခဲများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်မှ အားကစားနည်း (၂၁)နည်း ဝင်ရောက်ယှဥ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)