မိုင်းကိုင် ဇူလိုင် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအစုအဖွဲ့များထံသို့ ဒုတိယအကြိမ် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ကော်မတီတွဲဖက်အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသွေးကျော်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေများလွှဲပြောင်းပေးအပ်မည့်အခြေအနေ၊ ချေးငွေထုတ်ချေးပေးခြင်း စည်းမျဉ်းစည်းကမ်းများ၊ ချေးငွေစာချုပ်ချုပ်ဆိုခြင်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြီးနောက် တာဝန်ရှိသူများက ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့ထံသို့ ငွေသိန်း (၈၀၀)ကျပ်၊ ဆင်တောင်တန်းဝက်မွေးမြူရေးလုပ်ငန်းအစုအဖွဲ့ထံသို့ ငွေသိန်း(၆၀၀)ကျပ်တို့ကို လွှဲပြောင်းပေးအပ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းအစုအဖွဲ့များကိုယ်စား အဖွဲ့ခေါင်းဆောင် ဦးစိုင်းစံအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရွှေလယ်တောစပါးမျိုးစေ့ထုတ်လုပ်ငန်းအစုအဖွဲ့ဝင်တောင်သူ(၂၀)ဦး၊ ဆင်တောင်တန်း ဝက်မွေးမြူရေးလုပ်ငန်းအစုအဖွဲ့ လုပ်ငန်းရှင်(၅)ဦးတို့နှင့် ချေးငွေစာချုပ်များ ချုပ်ဆိုလက်မှတ်ရေးထိုးကာ မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ရန်ပုံငွေများလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)