မူဆယ် ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ စွမ်စော်မူလတန်းလွန်ကျောင်း၌ လူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မူဆယ်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးကျော်သန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး အိမ်တွင်းမှုကျောင်းအုပ်ဆရာမကြီးက သုတရသစာပေများ ဖတ်ရှုလေ့လာပြီး လက်တွေ့ဘဝတွင်အသုံးချရန် ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက “လူငယ်နှင့်အားကစား၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး” ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်းဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်များ၊ စကားဝိုင်းတွင် ဆွေးနွေးသည့် ကျောင်းသား/သူများ၏ ဆွေးနွေးချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား/သူများကို အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)