နောင်တရား ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းတွင် နောင်တရားဒေသအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်းနှင့် အဖွဲ့ဝင်များသည် ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာအုပ်စု၊ လွင်ရွာကျေးရွာအတွင်းရှိ စန္တခမ်းငရုပ်သီးအခြောက်ခံစက်ရုံ တည်ဆောက်ထားမှုအခြေအနေကို ကြည့်ရူစစ်ဆေးခဲ့သည်။ စန္တခမ်းငရုပ်သီးအခြောက်ခံစက်ရုံ တာဝန်ခံ ဦးခွန်မောင်အေးက စက်ရုံအဆောက်အဦတည်ဆောက်ပြီးစီးမှုအခြေအနေနှင့် စက်ပစ္စည်းဝယ်ယူရန်အတွက် လိုအပ်နေသည့် ရန်ပုံငွေအခြေအနေများကို ဆွေးနွေးပြီး စက်ရုံလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းနှင့် စက်ပစ္စည်းများဝယ်ယူတင်သွင်းနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့သည်။ ထို့နောက် မွန်းတည်း ၁၁ နာရီခွဲအချိန်တွင် နောင်တရားမြို့ အာလူး အအေးခန်းစက်ရုံနှင့် နောင်တရားသဘာဝမြေဩဇာစက်ရုံသို့ ကြည့်ရူခဲ့သည်။
နောင်တရားသဘာဝမြေဩဇာစက်ရုံ အစည်းအဝေးခန်းမ၌ နောင်တရားအာလူးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက နောင်တရားသဘာဝမြေဩဇာစက်ရုံ တည်ဆောက်ပြီးစီးမှုအခြေအနေနှင့် စက်ရုံကုန်ကြမ်းဝယ်ယူဖြည့်တင်းဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်က စက်ရုံလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အဖွဲ့ဝင်များသည် နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နောင်တရားဒေသအတွင်းရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးခွန်လှသိန်းက အဖွင့်အမှာစကားပြောကြားပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းကျော်မိုးက MSME ချေးငွေနှင့်ပတ်သက်သည့် လိုအပ်သော စာရွက်စာတမ်းများ ငွေကြေးပမာဏများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လုပ်ငန်းရှင်များက မိမိတို့၏လုပ်ငန်းအခက်အခဲများနှင့် ရန်ပုံငွေလိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြကြသည်။ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အဖွဲ့ဝင်များသည် ရာကွန်တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်း ဆောက်ရွက်နေသည့် စွမ်းမဟာရာကွန်အခြောက်ခံလုပ်ငန်းသို့ သွားရောက်ကြည့်ရူလေ့လာခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)