ရန်ကုန် ဇူလိုင် ၁၁
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း မိုးရာသီကာလတွင် ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း လာရောက်ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးအား သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ သန်လျင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီက ဝမ်းပျက်ဝမ်းလျှောရောဂါလူနာများအား ကုသရေးဆောင်ရွက်ထားရှိများအားလည်းကောင်း ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးမှာကြားသည်။
ထို့နောက် သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်သို့ ရောက်ရှိပြီး နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဆရာတော်ကြီးအား ဖူးမျှော်ကြည်ညို၍ ကျောင်းတိုက်တွင် အသုံးပြုရန် ကာဘော်လစ်ဆပ်ပြာနှင့် ဓာတ်ဆားထုပ်များဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ သန်လျင်မြို့မဈေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှုထမ်းရပ်ကွက်တို့ရှိ ရေစင်၊ ရေကန်၊ ရေတွင်းများ ကလိုရင်းဆေးခပ်ဆောင်ရွက်နေမှု၊ အများသုံးသန့်စင်ခန်းများတွင် ကာဘော်လစ်ဆပ်ပြာနှင့် လက်ဆေးဘေစင်များထားရှိမှု၊ သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကာဘော်လစ်ဆပ်ပြာနှင့် ဓာတ်ဆားထုတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)