တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲပြုလုပ်ကျင်းပ

တံတား ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား ဖတ်ရှုလေ့လာလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့် တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို သိရှိနားလည်စေရန်ရည်ရွယ်၍ (Youth Club) အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် “စိတ်ကိုလှပအောင်ပြင်နည်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်မိုးဖြူလွင်က စိတ်ကိုလှပအောင်ပြင်နည်းတွင် သတိရှိရန် အားထုတ်နေထိုင်ခြင်းသည် ဘဝနေနည်းတစ်ခုအဖြစ်အရေးပါကြောင်း၊ သတိနှင့်နေခြင်းသည် ကောင်းသောနေရာတစ်ခုသို့ ရောက်ရန်ဖြစ်ကြောင်း၊ သတိရှိခြင်းကို နက်ရှိုင်းစွာပျိုးထောင်ပါက စိတ်ချမ်းသာမှုကိုရရှိနိုင်ကြောင်း၊ ဆွေးနွေးပြောကြားပီးနောက် (Youth Club) အဖွဲ့ဝင်မအင်ကြင်းခင်ခင်ကျော်မှ လမ်းလျှောက်ထွက်ခြင်းသည် အလွန်ကောင်းသော လေ့ကျင့်ခန်းတစ်မျိုးဖြစ်ကြောင်း၊ စိတ်ဖိစီးမှုကို သက်သာရာရစေသောနည်းဖြစ်ကြောင်း၊ ပြောကြားကာ (Youth Club) အဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများမှလည်း မိမိတို့နှစ်သက်ရာစာအုပ်ပါ အကြောင်းအရာများဖြင့် အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြသည်။

ထို့နောက် ပြည်သူများအား ဗလငါးတန်ဖွံ့ဖြိုးဖို့ စာအုပ်စာပေလေ့လာစို့ ဆောင်ပုဒ်နှင့်အညီ အသိပညာဗဟုသုတများ ဖွံ့ဖြိုးမြင့်မားလာစေရန်၊ စာဖတ်ဝါသနာကို ပျိုးထောင်ပေးရန်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိခံစားနိုင်စေရန်၊ အသစ်ရောက်ရှိသော စာအုပ်များဖြင့် မိတ်ဆက်ပေးရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များကို ခင်ကျင်းပြသခဲ့ရာ ပြည်သူများက ကြည့်ရှုငှားရမ်းခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)