ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ သက်ဆိုင်ရာကဏ္ဍအလိုက် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဥ်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ ရပ်ကွက်များအလိုက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဘုန်းကြီးကျောင်းများ၊ အခြေခံပညာကျောင်းများရှိ သောက်သုံးရေကန်များအတွင်း ကလိုရင်းနှင့် ရေသန့်စင်ဆေးပြားများခပ်ပေးခြင်း၊ စျေးများအတွင်း အမှိုက်ပုံးများစနစ်တကျထားရှိပေးခြင်း၊ စျေးလျှောက်လမ်းများအား ထုံးဖြူးခြင်း၊ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် စျေးရောင်းချရာတွင် စနစ်တကျဖုံးအုပ်၍ သန့်ရှင်းသပ်ရပ်စွာ ရောင်းချရေးအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ရေးအတွက် ဂရုပြုလိုက်နာဆောင်ရွက်သင့်သည်များကို အသိပညာပေးပြောကြားခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိပြီး၊ လူဦးရေလေးသောင်းကျော်နေထိုင်လျက်ရှိရာ အချို့သောရပ်ကွက်များတွင် နေအိမ်များ ကပ်လျက်ရှိပြီး လူနေထိုင်မှုသိပ်သည်းခြင်းကြောင့် ပြင်းထန် ဝမ်းပျက်/ ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး ယခုကဲ့သို့ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများ လိုက်လံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)