ရန်ကုန် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက အဆိုပါကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (၂) လမ်းမတော် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမော်က အဖွင့်အမှာစကားပြောကြားရာတွင် အာဇာနည်ခေါင်းဆောင်ကြီးများလို မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရန်နှင့် နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အာဇာနည်ခေါင်းဆောင်(၉) ဦး၏ အတ္ထုပ္ပတ္တိအကြောင်းကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲသို့ ပညာရေးစစ်ကြောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦး တက်ရောက်ခဲ့ကြသည်။ ထို့နောက် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့်