သုံးခွ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို အမှတ်(၄)ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်ရှိ ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများအား ဖြန့်ဝေပေးကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များထဲတွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းကောက်ယူရမည့်သူများ၊ သန်းခေါင်စာရင်းထည့်မကောက်ရမည့်သူများ ဤမေးခွန်းများကို မှန်ကန်စွာဖြေဆိုခြင်းဖြင့်ကူညီပါ၊ သန်းခေါင်စာရင်းကောက်ယူခြင်း၊ သန်းခေါင်စာရင်းကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး အခြားမည်သည့် ကိစ္စအတွက်မျှအသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းများမပြုရ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူပါမည်၊ စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များအသုံးပြု၍ သန်းခေါင်စာရင်းကောက်ယူသွားမည်ဟုပါရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝကဦးစီးမှူး ဦးထွန်းဆွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်