တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို ပိုမိုသိရှိလာစေရန်နှင့် အာဇာနည်နေ့ကို အစဉ်အမြဲသတိတရရှိစေရန် ရည်ရွယ်ကျင်းပသည့် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့မွန်းလွဲ ၃နာရီခွဲက အဆိုပါကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးမြင့်သိန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ မြန်မာတစ်မျိုးသားလုံး အားကျအတုယူမမေ့သင့်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကြောင်းအရာများ ဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၇ဝ ဦး တက်ရောက်ကြကြောင်း သိရသည်။

တင်စိုးလွင်