ကော့မှူး ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များအား လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် လာဝတီကျေးရွာသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်တွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် သုတ/ ရသစာအုပ်မျိုးစုံ ၂၀၀၀ ကျော်ပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင်စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ စာအုပ်စာစောင်များအား အလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာကျောင်းများ အရောက်လိုက်လံငှားရမ်းပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆိုစာအုပ်များအား အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)