လူထုသိပ္ပံကျမ်းစာအုပ်အတွဲ(၅)တွဲအား  ကျေးရွာစာကြည့်တိုက်များသို့ ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲ တွံတေး၌ ကျင်းပ

တွံတေး     ဇူလိုင်      ၁၁

ရန်ကုန်တိုင်းဒေသကြီး ၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာစံညီစာကြည့်တိုက် (၁၂)တိုက်အား နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှ မိသားစုမှ မေတ္တာလက်ဆောင်လှူဒါန်းသော လူထုသိပ္ပံကျမ်းအတွဲ(၅)တွဲစာအုပ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းသော စာအုပ်များအား ထပ်ဆင့်ပေးအပ်လှူဒါန်းပွဲကို  ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိလူထုအ‌ခြေပြုဗဟိုဌာန( Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဦးလှသိမ်း(မင်းသျှင်အောင် တွံတေး)က အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာစာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးရွာနေပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် စာကြည့်တိုက်ကို အသုံးပြုတတ်စေရေး၊ စာဖတ်သူတိုးပွားရေး၊ သက်ဆိုင်ရာကျေးရွာစာကြည့်တိုက် ကော်မတီဝင်များအနေဖြင့် မိမိတို့စာကြည့်တိုက်ရှိ စာအုပ်၊ စာစောင်များနှင့် ပရိ‌ဘောဂများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းပေးရန်နှင့် ယခုလိုတန်ဖိုးရှိသည့် လူထုသိပ္ပံကျမ်းစာအုပ်များ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးသက်ဦးက စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၌ မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များကို ရှင်သန်စေလိုကြောင်း၊ ယနေ့လှူဒါန်းခြင်းသည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှမိသားစုမှ မေတ္တာလက်ဆောင် လှူဒါန်းသော လူထုသိပ္ပံကျမ်း စာအုပ်အတွဲ(၅)တွဲကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှတစ်ဆင့် လှူဒါန်းရရှိသော စာအုပ်များကို မြို့နယ်များအတွင်းရှိ ရှင်သန်နေသော စာကြည့်တိုက်များသို့ လှူဒါန်းခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ စာကြည့်တိုက်အားလုံး ရှင်သန်ရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်​ရေးကော်မတီနှင့် ပူးပေါင်း၍ဆောင်ရွက်

သွားမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှလည်း စာကြည့်တိုက်များ ပုံမှန်ဖွင့်လှစ်၍ ရှင်သန်ခိုင်မာရေး၊ စာဖတ်ပရိတ်သတ်တိုးပွားလာစေရေးတို့အတွက် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာအုပ်လှူဒါန်းပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသိမ်း(မင်းသျှင်အောင်တွံတေး)နှင့် ဦးစီးအရာရှိဦးသက်ဦးတို့က ကျေးရွာစာကြည့်တိုက်များသို့ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြပြီး ကျေးရွာစာကြည့်တိုက်ကော်မတီ၀င်များမှ စာအုပ်စာစောင်များ လက်ခံရယူခဲ့ကြကြောင်းသိရသည်။

တွံတေးသား