အ.မ.က ရှမ်းစုကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကော့မှူး ဇူလိုင် ၁၁

(၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့ နယ်လာဝတီကျေးရွာ အခြေခံပညာမူလတန်းကျောင်း အ.မ.က (ရှမ်းစု) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကိုကိုက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ မျိုးချစ်စိတ်ဓာတ်၊ မြင့်မြတ်သောစိတ်ထား၊ တိုင်းပြည်အပေါ် စေတနာအမှန်ဖြင့် လွတ်လပ်ရေးရရန်ကြိုးပမ်းခဲ့သည့် အာဇာနည်တို့ ဂုဏ်ရည်ကို အလေးထားတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဟောပြောပွဲများအား ကျင်းပပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဦးခင်ဇော်က အာဇာနည်နေ့ပေါ်ပေါက်လာပုံနှင့် နောက်ခံသမိုင်းအကျဉ်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိရန် နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်မှုများ၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျေးဇူးတရားကို မမေ့ကြရန်၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်အမြဲတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိစေတနာရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် အာဇာနည်ကြီးများ၏ အထ္ထုပ္ပတ္တိအကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုနေကြကြောင်း သိရသည်။

ကျော်သူရ