တာချီလိတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလု်ပခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်) တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ငလျင်စတင်လှုပ်ခတ်ကြောင်း အသိပေးကြေညာရာ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ဘေးလွတ်ရာ ကွင်းပြင်ကွက်လပ်များသို့ အမြန်ဆုံးပြေးထွက်နေရာယူခြင်းနှင့် ပြေးထွက်ရန် အချိန်မရသူများ စာသင်ခန်းအတွင်း ဘေးလွတ်ရာရွေးချယ်နေရာယူခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရသူများ၊ မူးဝေအော့အန်သူများနှင့် မသန်စွမ်းသူများအား ရှာဖွေကယ်ထုတ်ပြီး အရေးပေါ်ကျန်းမာရေးဌာနသို့ပို့ဆောင်ပေးခြင်းနှင့် အခန်းတွင်းပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခြင်း၊ ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူခြင်း၊ စားရေရိက္ခာများဖြန့်ဝေပေးခြင်း၊ ဘေးသင့်သူများကို နှစ်သိမ့်အားပေးခြင်းနှင့် လိုအပ်သည်များ ကူညီပေးခြင်းတို့ကို ခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ (၁၀) ဖွဲ့တို့က သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ ရှမ်းပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခေတ္တဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ နှင့် ကျောင်းသားမိဘများ စုစုပေါင်း ၅၀၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)