ရန်ကုန် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနမှ အာမခံအလုပ်သမားဦးအောင်ဝင်း၏ လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေထုတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူးက လုပ်ငန်းခွင်ပြင်ပထိခိုက်သေဆုံးခဲ့သည့် ဦးအောင်ဝင်း၏ ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေကျပ် ၁၁၈၈၀၀၀၀ ကို သေဆုံးသူ၏ ဇနီးဒေါ်သန်းသန်းဌေးထံသို့ အလုပ်ဌာနမှတာဝန်ရှိသူများ၊ အလုပ်သမားရေးရာညှိနှိုင်းရေးကော်မတီ(WCC)အဖွဲ့ဝင်များ၊ မိသားစုဝင်များ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း