ရန်ကင်း ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ကျောင်းများ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများနှင့် စျေးများအတွင်းအဖွဲ့ခွဲကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူစည်ကားသည့် ဈေးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ အခြေခံပညာကျောင်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် Mass chlorination ဆောင်ရွက်ခြင်း၊ ကျန်းမာရေးဟောပြောပွဲများပြုလုပ်ခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ ရေသန့်ဆေးများ လက်သန့်ဆေးရည်များနှင့် ဓာတ်ဆားထုတ်များ ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ်မိခင်နှင့် ကလေးအသင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)