လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁)တွင် (၇၇)နှစ်မြောက်အာဇာနည်နေ့ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာ ၊ ဆောင်းပါးပြိုင်ပွဲကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီ၌ အမှတ်(၆)ရပ်ကွက်အခြေခံပညာအထက်တန်းကျောင်းခွဲ လ(၁)အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြအေးက မူလတန်း၊ အလယ်တန်းနှင့်အထက်တန်းကျောင်းသား၊ ကျောင်းသူများအားအာဇာနည်နေ့ပေါ် ပေါက်လာပုံနှင့်နောက်ခံသမိုင်းအကျဉ်း၊ နယ်ချဲ့သမားနှင့်ပြည်တွင်းသစ္စာဖောက်တို့၏လက်ချက်ဖြင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဝန်ကြီးများဖြစ်ကြသော သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်းနှင့်အတွင်း၀န်ဦးအုန်းမောင်၊ ဦးရာဇတ်၏သက်တော်စောင့် ရဲဘော်ကိုထွေး၊ ဒီးဒုတ်ဦးဘချိုနှင့်မိုင်းပွန်စော်ပွားကြီးတို့မှာ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့ နံနက်(၁၀)နာရီ ၃၇ မိနစ်တွင်  လုပ်ကြံခံလိုက်ရသောနေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်(၉)တို့၏ အတ္ထုပ္ပတ္တိအကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး (၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်အမေးအဖြေပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)