ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများကျင်းပ

ဒဂုံတောင်        ဇူလိုင်     ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်(၆၄)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းကာ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲနှင့်ပြပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်‌ကြောင်းသိရသည်။

အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၁) အခြေခံအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်က အဖွင့်အမှာစကားပြောကြားပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းအေးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ  ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးရရှိအောင် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြပုံများ၊ အာဇာနည်နေ့ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ နိုင်ငံတော်၏ကျောင်းသားလူငယ်များအတွက် အလေးထားဆောင်ရွက်ပေးနေမှုများကို အသိပညာပေးဟောပြောသည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး  စာရေးဆရာသက်ဝေမောင်က လူငယ်နှင့်စာဖတ်ရှုခြင်းအကျိုးကျေးဇူးများကို  ဖတ်ရှုသင့်သောစာပေအမျိုးအစား(၇)မျိုးနှင့် ရရှိ‌သောအကျိုး‌ကျေးဇူးများအား သာဓကပြစာအုပ်များဖြင့် ပြောကြား‌ပေးခြင်း၊ မဖတ်ရှုသင့်သောစာပေ()မျိုးနှင့် ရရှိသောစာပေအဆိပ်သင့်ခြင်းများကို ဥပမာ‌ပေးသာဓကများဖြင့် အကျယ်တဝင့်ဆွေးနွေးဟောပြောပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

သန်းသန်းအေး