ဒေါပုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ မဖြစ်ပွားစေရေးအခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေး

ဒေါပုံ ဇူလိုင် ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများတွင် ဝမ်းပျက်ဝမ်းလျောရောဂါမဖြစ်ပွားစေရေးအတွက် ဇူလိုင် ၉ ရက်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ်()အခြေခံပညာမူလတန်းကျောင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာထက်ဥာဏ်လင်းနှင့် ဝန်ထမ်းများက ကျောင်းမုန့်ဈေးတန်းများတွင် ယင်နားစာများရောင်းချမှု ရှိ၊ မရှိ၊ သန့်ရှင်းလတ်ဆက်သော အစားအသောက်များရောင်းချမှု ရှိ၊ မရှိနှင့် သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ရောင်းချနိုင်စေရန် စျေးရောင်းချသူများအား အသိပညာပေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ သောက်သုံးရေကန်များအတွင်း ကလိုရင်းများခပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ဓာတ်ဆားထုတ်များကို အခမဲ့ဖြန့်ဝေခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါနှင့်ပတ်သက်သည့် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)