ပုဇွန်တောင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

ပုဇွန်တောင်      ဇူလိုင်        ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထားနွယ်က ဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် အာဇာနည်ခေါင်းဆောင်(၉)ဦး၏ အတ္ထုပ္ပတ္တိအကြောင်းကိုလည်းကောင်း၊  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဟန်စုယဉ်က အာဇာနည်ခေါင်းဆောင်ကြီးများလို မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုးကြားလာစေရန်၊ နိုင်ငံ့အကျိုးသယ်ပိုးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်လာစေရန်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုလည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်အေးအေးမူက အာဇာနည်ကြီးများ အသက်ပေးခဲ့ရသည့် လွတ်လပ်ရေးကို အစဉ်ထာဝရတည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ကြရန်၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ထွန်းလာစေရေး နိုင်ငံတော်အစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အသိရှိရှိ၊ စေတနာရှိရှိဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ကိုလည်းကောင်း ဟောပြောခဲ့ကြသည်။

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြသည်။ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အထက်တန်းအဆင့်၊  အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကိုလည်း ကျင်းပလျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်