ကမာရွတ် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ဇူလိုင်(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူးဦးဆန်းထွန်း၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ကြီးကြပ်၍ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများရှိ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတို့က အထက်တန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့်ဆောင်းပါးပြိုင်ပွဲများတွင်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကိုလည်းကောင်း၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲများကိုပြုလုပ်ကြပြီး အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် "မှန်ဆရည်စူးအာဇာနည်ဂုဏ်ကျေးဇူး"ခေါင်းစဥ်၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်"အာဇာနည်နေ့တိုမမေ့"ခေါင်းစဥ်၊ မူလတန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် "၁၉ ဇူလိုင် မမေ့နိုင်" ခေါင်းစဥ်၊ အထက်တန်းဆင့်ကဗျာပြိုင်ပွဲတွင် "မမေ့ရက်သာသည်ပေ့ အာဇာနည်နေ့"ခေါင်းစဥ်၊ အလယ်တန်းဆင့်ကဗျာပြိုင်ပွဲတွင် "၇၇ နှစ်မြောက် အာဇာနည်နေ့" နှင့် ဆောင်းပါးပြိုင်ပွဲတွင် "မျက်ရည်ဖြိုင်ဖြိုင် လဇူလိုင် ရက်မှာတစ်ဆယ့်ကိုး" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဥ်ပြိုင်ကြသည်။
ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)