တာမွေ ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ စီစဉ်မှုဖြင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့တွင်းပြေးဆွဲနေသာ YBS ယာဉ်လိုင်းများတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် ယခုလို အသိပညာပေးစတေကာကပ်တာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို ဆောင်ရွက်ပြီး Campaign လုပ်တာဖြစ်ပါတယ်။ ဒီ Campaign ကို ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများ အသွားအလာများသည့် ပြည်သူ့ ရင်ပြင်၊ ဆူးလေ၊ တညင်းကုန်း၊ မြောက်ဥက္ကလာပအဝိုင်း၊ စံပြစျေး စသည့်နေရာ(၈)နေရာမှာ ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ ဒီ Campaign မှာ အသိပညာပေး စတေကာအခုရေ(၇၀၀၀)နှင့် လက်ကမ်းစာစောင်(၅၀၀၀)ကို အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ YBS ယာဉ်တွေပေါ်မှာ တစ်နေ့တစ်နေ့ကို အခြေခံလူတန်းစား ဦးရေ(၁.၇)သန်းလောက် သွားလာနေတာလည်းဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်း တယ်ဆိုတဲ့ စကားအတိုင်း အများပြည်သူတွေအနေနဲ့ ဒီပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါ မရရှိအောင်အတွက် သန့်ရှင်းတဲ့လက်နှင့် သန့်ရှင်းတဲ့အစားအစာတွေစားသုံးဖို့ ကျွန်တော့်အနေနဲ့ အလေးအနက်ထား တိုက်တွန်းချင်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကာ ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုင်းဒေသကြီးအတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားသူ (၆၂၆)ဦးအထိရှိရာ (၅၃၀)ဦး ဆေးရုံ တက်ရောက်ကုသမှုခံယူခဲ့ရ၍ (၂၈၇)ဦး ဆေးရုံမှဆင်းကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လျက်ရှိကြောင်း၊ ပြင်းထန် ဝမ်းပျက်/ဝမ်းလျှောရောဂါဖြစ်ပွားမှုအနေဖြင့်လည်း ယနေ့အထိ စုစုပေါင်းလူနာ(၆၇)ဦးရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)