ကျောက်ဆည် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောက်ဆည်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အင်တိုင်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အသိပညာပေးဟောပြောပွဲတွင် အင်တိုင်းကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသတများရရှိရေး အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ငယ်စဉ်အခါပညာရှာဆိုသည့်အတိုင်း ငယ်ရွယ်စဉ်အချိန်ကပင် စာပေများဖတ်ရှုလေ့လာသွားကြစေလိုကြောင်း၊ အားလပ်သည့်အချိန်များတွင် ပညာကိုအပတ်တကုတ်ရှာဖွေ့လေ့လာ ဖတ်ရှု့ထားပါက လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာတွင် အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်သည့်အတွက် မိမိတို့ဘဝတွင် အောင်မြင်ကြီးပွားသူများ အလွဲဧကန် ဖြစ်မှာဖြစ်ကြောင်း၊ စာအုပ်စာပေသည် စစ်မှန်သော လူ့မိတ်ဆွေ ဖြစ်သောကြောင့် အစဉ်အမြဲရှာဖွေရှုစေကြောင်း အသိပညာပေးဟောပြောခဲ့သည်။
အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများနှင့် အရွယ်မရောက်သေးသူကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)