ညောင်ရွှေ ဇူလိုင် ၁၀
ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း(မိုင်းသောက်)၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က-မိုင်းသောက် ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဒေါ်ခင်မာလာဝင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လူငယ်အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများ၊ စာကြည့်တိုက်များရှင်သန်ခိုင်မာရေးအကြောင်းအရာများကို ပြောကြားခဲ့ပြီး ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ