ငါန်းဇွန်မြို့နယ်ရှိ ပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေ ရောင်းချပေးလျက်ရှိ

ငါန်းဇွန်  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ၍ မြို့ပေါ် (၅) ရပ်ကွက်ရှိ  ပြည်သူများအား စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိဿာ (၆၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ  ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ ပြည်သူများစားသုံးရန်အတွက် တစ်ရက်လျှင် စားအုန်းဆီ ၁၃၂၀ ပိဿာ ခွဲတန်းရရှိခဲ့ရာ ငါန်းဇွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူဖြန့်ဝေမှုများ ဆောင်ရွက်ပေးခဲ့သည်။  မြို့ပေါ်ရှိ ရပ်ကွက်(၅)ရပ်ကွက်မှ အိမ်ထောင်စုဝင်များအား စားအုန်းဆီများကို တစ်အိမ်ထောင်လျှင်  စားအုန်းဆီ (၁) ပိဿာ (၆၄၀၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။ စားအုန်းဆီများကို အိမ်ထောင်စုဝင် (၁၇၀၀) ကျော်ဦးအား ဖြန့်ဝေပေးရန် လျာထားထားရာ  မြို့ပေါ်ရှိဆီဆိုင်များဖြစ်သော ဦးသန့်ဇင်ဝင်း၊ ဦးဇော်လင်း၊ ဦးကျော်မင်း၊ ဦးကြည်စံ၊ ဦးကံသာနှင့် ဒေါ်သန့်သန့် ဆီဆိုင်များမှ စားအုန်းဆီ များဖြန့်ဝေပေးခဲ့ရာ အိမ်ထောင်စုဝင်ပေါင်း (၁၇၂၃) ဦး လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။ စားအုန်း ဆီတစ်ပိဿာလျှင် ဒေသပေါက်ဈေး (၆၈၀၀) ကျပ်ဖြင့် ဝယ်ယူစားသုံးနေကြရသည်ဟု မြို့ခံပြည်သူများထံမှ သိရသည်။

စားအုန်းဆီများကို ငါန်းဇွန်မြို့နယ်၊ ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဆီကိုယ်စားလှယ်များထံသို့လည်း အပတ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ တစ်ပတ်လျှင် ဆီကိုယ်စားလှယ်တစ်ဦးအား စားအုန်းဆီတစ်ပိဿာလျှင် (၆၄၀၀) ကျပ်နှုန်းဖြင့် ၂၀ ပိဿာ ဖြန့်ဝေ ပေးလျှက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ဆီကိုယ်စားလှယ် (၁၁၅) ဦးရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)