ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ဆီဘောက်ဆာကားပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံး

ရန်ကုန် ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ( ၇၇) ရပ်ကွက်၊ ပဲခူးမြစ်လမ်း၊ Super Solid ကားကြီးဝပ်ရှော့တွင် ယမန်နေ့ မွန်းလွဲ ၁နာရီ မိနစ်၂၀ အချိန်က ဆီဘောက်ဆာကား ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အလုပ်သမား(ကျား)တစ်ဦးသေဆုံးပြီး၊ (ကျား)တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ Super Solid ကားကြီးဝပ်ရှော့တွင် ယာဉ်အမှတ် MON-4 7D6600 ၊ HINO အမျိုးအစား အဖြူရောင်ဆီဘောက်ဆာမော်တော်ယာဉ်အား ဦးကြည်လင်းမှ ဆီဘောက်ဆာလုံး၏ဘေးတွင် တပ်ဆင်ထားသော သံလျှောက်လမ်းအား ဝရိန်ဆော်ခြင်း၊ ကျောက်စက်တိုက်ခြင်းများ ပြုလုပ်နေစဥ် ဆီဘောက်ဆာပေါက်ကွဲပြီး ပေါက်ကွဲသည့်အပိုင်းအစများမှာ ဦးဝင်းကိုအောင်အားထိမှန်၍ ဦးခေါင်းပွင့်ကာသေဆုံးခဲ့ပြီး ဦးကြည်လင်းမှာ ယာဘက်လက်ကောက်ဝတ်အရိုးအက်ဒဏ်ရာရရှိ၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ဆီဘောက်ဆာကားပေါက်ကွဲမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းတစ်ရာခန့်ရှိပြီး ဝရိန်ပုံးနှင့် ကျောက်စက်တို့အား ပေါ့ဆစွာအသုံးပြု၍ ဆီဘောက်ဆာကားအားပေါက်ကွဲစေပြီး လူကိုသေစေသည့်အပြင် ယာဘက်လက်ကောက်ဝတ်အရိုးအက်ဒဏ်ရာရရှိသူ ဦးကြည်လင်းအား ဥပဒေအရဆက်လက်အရေးယူပေးရန် တိုင်ကြားထားကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲစခန်းမှ သတင်းရရှိပါသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)