မြင်းခြံခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်

မြင်းခြံ ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင် ကယ်ဆယ်ရေး ဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် ၈ နာရီခွဲက မြင်းခြံမြို့နယ် ဘောလုံးကျေးရွာ တံတားအနီး ဧရာဝတီမြစ်ရေပြင်တွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီမြစ်ရေဝင်ရောက်ချိန်တွင် မြစ်ရေဝင်ပြည်သူများ ပြောင်းရွှေ့ကယ်ဆယ်နိုင်ရေး၊ ဖြတ်သန်းသွားလာနေသော လှေ၊ စက်လှေများ အန္တရာယ်တစ်စုံတစ်ရာကျရောက်လာပါက အရေးပေါ်ကယ်ဆယ်နိုင်ရေး၊ ရေနစ်မြုပ်မှုများရှိလာပါက လျင်မြန်စွာ ကယ်ဆယ်နိုင်ရေးတို့အတွက် အသက်ကယ်ဘောကွင်း၊ ကြိုး၊ life jacket များ၊ Life Buoy အသုံးပြု၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်နှင့် ရှာဖွေကယ်ရေးတပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။ ထို့နောက် ရေနစ်ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွင် ရှာဖွေကယ်ရေးတပ်ဖွဲ့ဝင်များမှ ရေနစ်လူနာ ကယ်ဆယ်ခြင်းလုပ်ဆောင်ခဲ့ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရှေးဦးသူနာပြုစုနည်းဖြင့် လုပ်ကိုင်ခြင်းများကို လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ကြသည်။

ရေဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် မြင်းခြံ ခရိုင်/မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် (၃၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့် စုဖွဲ့ထားရှိ‌ ကြောင်း သိရသည်။ မြင်းခြံမြို့၏ ဧရာဝတီမြစ်ရေမြင့်တက်မှု  စိုးရိမ်ရေအမှတ်မှာ (၁၂၅၈) စင်တီမီတာ ဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၁၁၆၀) စင်တီမီတာရှိကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)