မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို  ဇူလိုင်လ (၁၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် ဒို့လှမ်းချီ” ဂုဏ်ပြုသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင်  ဂုဏ်ပြုထိုက်သူများကို ချီးမြှင့်မြှောက်စားအားပေးခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါကြောင်း၊ ပညာသင်နှစ်တစ်နှစ်တည်း ကြိုးစားခဲ့ခြင်းမဟုတ်ဘဲ မူလတန်းမှစ၍ အဆင့်ဆင့် စဉ်ဆက်မပျက် ဇွဲ၊ လုံ့လ၊ ဝီရိယထားကာ ပင်ကိုယ်ဉာဏ်တို့နှင့် ပေါင်းစပ်၍ ကြိုစားသင်ယူလေ့လာမှု၊ သင်ယူမှု ပတ်ဝန်းကျင်ကောင်းများရရှိမှု၊ ဟန်ချက်ညီညီဖြည့်ဆည်းပံ့ပိုးမှု၊ ခိုင်မာသည့်ရည်မှန်းချက်များဖြင့် စာသင်နှစ်ကာလအချိန်များကို အကျိုးရှိရှိ တန်ဖိုးထားအသုံးချတတ်မှုတို့ကြောင့် ယခုကဲ့သို့ အောင်မြင်မှုအသီးအပွင့်များကို ခံစားကြရပြီဖြစ်ပါကြောင်း၊ နိုင်ငံတော်က‌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေး၊ ကျောင်းထွက်နှုန်းနည်းပါးစေရေး၊ မည်သည့်ခွဲခြားမှုမရှိဘဲ တန်းတူပညာ သင်ယူခွင့်ရရှိရေးနှင့် ပညာရေးအဆင့်အတန်း ပိုမိုမြင့်မားလာစေရန် မူဝါဒများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့် Grade 9 ပြီးမြောက်ပြီး အသက်မွေးဝမ်းကျောင်းပညာများကို ဆက်လက်သင်ကြားခွင့်ရမည့် အခွင့်အလမ်းများ ရရှိနိုင်ရန်အတွက် အခြေခံပညာကျောင်းများနှင့် တွဲဖက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခုအောင်မြင်မှုမှာ ဘဝမှတ်တိုင်တစ်ခုဖြစ်သော်လည်း ရည်မှန်းချက်ပန်းတိုင်ရောက်သည်အထိ မိမိတို့ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူကြရမည် ဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးတွင် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသောပညာတတ် ပေါများရေးအတွက် နိုင်ငံတော်မှ ပညာရေးကဏ္ဍတွင် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်အောင် အားဖြည့်ပေးနေပါကြောင်း၊ ဗလ(ငါးတန်)ဖွံ့ဖြိုးမှုများနှင့် ပြည့်စုံသူများ ဖြစ်လာအောင် အစဉ်အမြဲလေ့ကျင့်ပျိုးထောင်နေပြီး နိုင်ငံ့အနာဂတ်အတွက် အကောင်းဆုံးစွမ်းဆောင်နိုင်သူ ပညာတတ်များဖြစ်အောင် ကြိုးစားအားထုတ်နေကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သိပ္ပံ+ဝိဇ္ဇာဘာသာတွဲမှ မြန်မာ တစ်နိုင်ငံလုံး Top Ten ဝင် ဆုရသိပ္ပံတွဲ ၂ ဦးနှင့် ဝိဇ္ဇာတွဲ ၁ ဦးတို့အား ဂုဏ်ပြု ရွှေဆွဲပြားများ၊ ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပြီးနောက် ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ၆ ဘာသာနှင့် ၅ ဘာသာ ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ခဲ့သည်။

၎င်းနောက် Top Tenဝင် တတိယအဆင့် အမှတ်အများဆုံးဆုရ မသက်မြတ်စံက ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး ဆုရကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တက်ရောက်လာသူများအား ရင်းနှီးစွာနှုတ်ဆက်ခဲ့ သည်။

ယနေ့အခမ်းအနား၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သိပ္ပံ+ဝိဇ္ဇာဘာသာတွဲမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံး  Top Ten ဝင် သိပ္ပံတွဲ ၂ ဦးနှင့်  ဝိဇ္ဇာတွဲ ၁ ဦး၊ တိုင်းဒေသကြီးအတွင်း အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင် နှင့် အမရပူရခရိုင်များမှ၊ ၆ ဘာသာဂုဏ်ထူးရှင် ၂၉ ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၆၄ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၉၃ ဦးတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်  ၆ ဘာသာ ဂုဏ်ထူးရှင် ၁၂၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂၁၃ ဦး၊ ၄ ဘာသာဂုဏ် ထူးရှင် ၂၄၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၂၇၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၄၉ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၁၆၁ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၂၄၆၂ ဦး နှင့် ရိုးရိုးအောင် ၈၅၆၃ဦး ထွက်ပေါ်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၃.၈၅ ရာခိုင်နှုန်းရှိခဲ့ရာ တတိယ အဆင့်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်