စစ်တွေ ဇူလိုင် ၁၁
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ပညာရည်ချွန်ဆုချီးမြှင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာန(၇၀)တွင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၈၆၄၄) ဦးရှိခဲ့ရာ (၅၂၅၃) ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း အနေဖြင့် ၆၀ ဒသမ ၇၇ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများ အရေအတွက်အနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၅၂) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၇၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၀၆) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၁၈၇) ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် (၈၆၂)ဦး၊ စုစုပေါင်းဂုဏ်ထူးရှင် (၁၃၀၄) ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း၊ ဂုဏ်ယူဝမ်းသာစရာတစ်ခုအနေဖြင့် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး(၆) ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ရှိခဲ့ကြောင်း၊ ယခုကဲ့သို့ ထူးချွန်ကျောင်းသား ရှိခဲ့သည်နှစ်ဖြစ်၍ ယခုနှစ်ပညာရည်ချွန် ဆုချီးမြှင့်ပွဲကို ပိုမိုပြီးခန်းနားစွာကျင်းပသွားရမည်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအပြင် အောင်ချက်အကောင်းဆုံးကျောင်းဆု၊ (၆)ဘာသာဂုဏ်ထူး ရရှိအောင် သင်ပြပေးနိုင်သော အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဘာသာရပ်ပြဆရာ၊ ဆရာများကိုလည်း ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူအခမ်း အနားတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများ သွားလာနေထိုင်ရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် လိုအပ်ချက်များရှိပါကလည်း တင်ပြပေးကြစေကြောင်းနှင့် ပညာရေးနှင့်ပတ်သက်၍ ချီးမြှင့်ထိုက်သူများအား ဂုဏ်ပြုချီးမြှင့်နိုင်ရေးအတွက် တက်ရောက်လာကြသူများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင့်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ခြင်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီ အမံများကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)