ဒလမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဒလ ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များမှ စက်မြေရပ်ကွက်၊ ညောင်ကုန်းရပ်ကွက်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ အံ့ကြီးအနောက်ရပ်ကွက်၊ သမ္မတကမ်းခြေရပ်ကွက်များတွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရန်/ရှောင်ရန် များအသိပေးပြောကြားခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပေးဗီနိုင်းများ ချိတ်ဆွဲပေးခြင်း၊ ရေစည်ရေအိုးများအတွင်း ကလိုရင်းဆေးခတ်ခြင်း၊ ထုံးမှုန့်ဖြူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများတွင် မြို့နယ်ကျန်းမာရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရန်မီးသတ်၊ ကြက်ခြေနီ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်ပြီး အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးမြမိုး (ပြန်/ဆက်)