နမ့်စန်(တ) ဇူလိုင် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကမ္ဘာသစ်ရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌ ဦးကျော်ရင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က အရပ်ရပ်ဆိုင်ရာ အစည်းအဝေးဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေက သမဝါယမအသင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်(Grade-10) ရွေးချယ်ခံခဲ့ရသော အသင်းသား ဦးခင်မောင်လတ်၏ သမီး မဖြူစင်ကြယ်ကို မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က ပညာရည်ချွန်ဆုအဖြစ် ဆုငွေသုံးသောင်းကျပ်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်းမှ တာဝန်ရှိသူများက အသင်းသား ၂၅၁ ဦး၏ စုဆောင်းငွေပေါ်အမြတ်ငွေ စုစုပေါင်း ၄၀၁၄၉၈ ကျပ်နှင့် အသင်းသားသက်သာငွေ စုစုပေါင်း ၁၂၅၅၀၀၀ ကျပ်တို့ကို စနစ်တကျ ခွဲဝေထုတ်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)