ကျောက်တလုံးကြီး ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ကျောင်းသား/သူများ ပညာရည်မြင့်မားရေးနှင့်အတူ ကိုယ်ကာယစွမ်းရည်များ ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ မိုးရာသီအားကစားပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က ကျောက်တလုံးကြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်အေးလွင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အခြေခံပညာကျောင်း ၁၇ ကျောင်းမှ ကျောင်းအုပ်ဆရာ/မကြီးများက ပြိုင်ပွဲတွင်ကဏ္ဍအလိုက်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ပြိုင်ပွဲတွင် အသက် ၁၆ နှစ်အောက် ကျောင်းသား/သူများအတွက် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ မီတာ ၈၀၀ လက်ဆင့်ကမ်း၊ သုံးချောင်းထောက်၊ သံလုံးပစ်၊ သံပြားပစ်၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများ၊ အသက် ၁၃ နှစ်အောက် ကျောင်းသား/သူများအတွက် ဘောလုံး၊ ပြေးခုန်ပစ်၊ မီတာ ၁၀၀၊ ၂၀၀၊ မီတာ ၄၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်း သိရသည်။
ဇော်နိုင်လင်း